Thursday, May 15, 2008

ရှေးဟောင်းမြန်မာလူမျိုးများ

အာရှ တိုက် ဆိုင်ရာ ဘာသာဝေါ ဟာရ ပညာရှင် များ က မြန်မာလူမျိုး များသည် အရှေ့  တိဗက်ဘာသာ ဝေါဟာရ အုပ်စု ၀င်လူမျိုး တမျိုးဖြစ် သည် ဟု အတည် ပြု ထားကြသည်။ တရုတ် မှတ်တမ်းဟောင်း များ ၏ အဆို အရ မြန်မာလူမျိုးများ သည် တရုတ်ပြည် အနောက် မြောက် ကန်ဆူနယ် တွင် နေထိုင်ကြသည်။ တ ရုတ် က ဖိသဖြင့် တိဗက်ကုန်းမြင့် ဒေသ တ၀ိုက် သို့ ပြောင်းသွားကြသည်။

တိဗက်တို့  က မောင်းထုတ် သဖြင့် ယူနန်နယ် သို့ ပြောင်းကြ သည်။ ထို အချိန် တွင် ယူနန် နယ် တွင် အင်အား ကြီးမား လာသည့် ထိုင်းရှမ်းများသည်ပြည်နယ်ကြီး ၆ ခုကို နန်ချို နိုင်ငံ အဖြစ် ပထမဆုံး သိမ်းသွင်း နေသည့် ကာလ ဖြစ်သည်။ မြန်မာလူမျိုး များသည် ယူနန်နယ် တွင် နန်ချို ထိုင်း ရှမ်း များ နှင့် နှစ် အတန်ကြာ နေ ထိုင် လာ ခဲ့ကြ သည် ဟု ယူ ဆ ရ သည်။ တရုတ် ရာဇ၀င် ဆရာ ကြီး ဖန်ချုံ ၏ မှတ် တမ်း ၌ ငှင်းတို့ ၏ အကြီး အကဲ အား မင်း ဟု ခေါ် ဝေါ် ကြောင်း ထိုင်း ရှမ်း များ က စောမင်း ဟု ခေါ် ဝေါ် ကြောင်း ရေးသား ထား သည်။

ယင်း သို့ နန်ချို ထိုင်း ရှမ်း များ ၏ လက် အောက် တွင် နေထိုင် ရာမှ ထိုင်းရှမ်း တို့ ၏ ဖိနှိပ်မှု အား မခံနိုင် သ ဖြင့် မြန်မာ နိုင်ငံ တွင်း သို့ ဝင် ရောက်လာကြသည်။ မြန်မာနိုင်ငံ သမိုင်း နှင့် ပတ်သက် ၍ အကြား အမြင်များ သည့် သမိုင်းဆရာ ဂေါ်ဒွင်လုစ်၏ အဆိုအရ မြန်မာများသည် ရှေးဦး စွာ ကျောက် ဆည်နယ် သို့ ဝင် ရောက် လာပြီး မြန်မာနိုင်ငံ အလယ်ပိုင်း သို့ ပြန့် နှံ့ သွားသည် ဟု ဆိုသည်။

မြန်မာ တို့ ရာစုနှစ် အ နည်းငယ် အတွင်း အခြေစိုက် နိုင်ခြင်း မှာ မြန်မာ တို့ ၏ အစွန်း အစ အပြင် ထိုအချိန် ကာလ တွင် နန်ချို ထိုင်းရှမ်း တို့ ၏ တိုက်ခိုက် ဖျက်ဆီးခြင်း ကို ခံလိုက်ရပြီး ၊ တိုင်းပျက်ပြည်ပျက် နှင့် အုပ်ချုပ်ရေး ပျက်သုဉ်းယုံသာ မကကုန်ထုတ် လုပ်ငန်း များပါ ပျက် ပြားပြီး ရပ်တည်ရာ မရ ကစင့် ကလျား ဖြစ်နေသည့် ပျူ လူမျိုး များ နှင့် ရော ထွေး နေ ထိုင်ရာ မှ ရာစုနှစ် အနည်းငယ် ခန့် အတွင်း ပျူ လူမျိုး များ နှင့် သွေးရောနှော သွားကြပြီး လူမျိုး ကြီး နှစ်မျိုး ပေါင်း စပ် လိုက်ကြသဖြင့် စိုက်ပျိုးရေး ၊ ကုန်ထုတ်လုပ်ငန်းများ ၊ အုပ်ချုပ်ရေး ၊ ကာကွယ်ရေး၊ ယဉ်ကျေးမှု စသည် ဖြင့် အစစ အရာရာ တိုးတက်ဖွံ့ ဖြိုးလာပြီး ကိုးရာစု နှင့် ဆယ်ရာစုခန့် လောက်တွင် မြန်မာ နိုင်ငံအလယ်ပိုင်း ဒေသ အား စည်းလုံးသိမ်းသွင်းပြီး ပုဂံပြည် နှင့် ပုဂံမင်းဆက် ကို စတင် တည်ထောင်လေသည်။

ကျမ်းကိုး
ဖန်ချုံ ( တရုတ်ရာဇဝင်ဆရာကြီး )

တရုတ်မှတ်တမ်းဟောင်း

ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်

7 comments:

Myo Oo said...

ရှေးဟောင်းမြန်မာလူမျိုးများကို
အခုမှ လာဖတ်ဖြစ်ပါတယ်ခင်မျာ---

Eduledge said...

သမိုင်းဆောင်းပါးတွေရေးသားပြီး ဗဟုသုတ မျှဝေပေးနေတဲ့အတွက် ကျေးဇူးတင် ကြောင်း အရင်ပြောပါရစေ။

မြန်မာတယောက်အနေနဲ့ မြန်မာအစ ဆိုတာကို စိတ်ဝင်စားပါတယ်။ ကျောင်းသုံးပြဌာန်းချက်တွေနဲ့ မြန်မာရာဇ၀င်တွေ အဆိုအရ မြန်မာအစ တကောင်းကလို့ ဆိုကြပါတယ်။ ဗိုလ်မှုးဘရှင်ရေးတဲ့ အနော်ရထာအရင်က မြန်မာနိုင်ငံတော် အကြောင်းမှာတော့ မြန်မာအစက ကျောက်ဆည်ကလို့ အထောက်အထားနဲ့ ဆိုပြန်ပါတယ်။ ဒီအဆိုကိုပဲ ဒေါက်တာသန်းထွန်း အပါအ၀င် သမိုင်းသုတေသီ တော်တော်များများက လက်ခံကြပါတယ်။ ဒါပေမယ့် သမိုင်းဆိုတာ လေ့လာတူးဆွလေ အမှန်နဲ့ ပိုနီးစပ်လေဆိုတော့၊ နောက်ဆုံးတွေ့ရှိချက်တွေအရ "မြန်မာအစ ပျူက" လို့ ဖြစ်လာပြန်ပါတယ်။ သုတေသနပြုသူက ဦးကျော်ဇင် (ဘုန်းတင့်ကျော်) ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ် မတ် ၁၁ ရက် တက္ကသိုလ်များ သမိုင်းသုတေသန ဦးစီးဌာန စာတမ်း ဖတ်ပွဲမှာ ဦးကျော်ဇင်က ဟန်လင်းနဲ့ မြစေတီ ကျောက်စာများ လေ့လာချက်အရ "ပျူသည် မြန်မာ (ဗမာ)" ဆိုတဲ့ စာတမ်းကို တင်သွင်းခဲ့ပါတယ်။ ပျူတိုင်းရင်းသား ဘာသာ ကျောက်စာ (၅) ချပ်ကို လေ့လာပြီး "မြန်မာဟူသော ပျူရာဇ၀င်ဆိုရိုးစကားကို ရှေးပျူဗမာ ကျောက်စာများနှင့် နှိုင်းယှဉ်လေ့လာခြင်း" ဆိုတဲ့ စာတမ်းကိုလည်း တင်သွင်းခဲ့ပါတယ်။

ပျူတိုင်းရင်းသားဘာသာ ဆိုတာဟာ စိတ်ဝင်စားစရာ ကောင်းလာပါတယ်။ ဦးကျော်ဇင်က ပျူသက္ကဋ၊ ပျူပါဠိ ကျောက်စာများကို ပညာရှင်များက အရင်ကတည်းက ဘာသာပြန်ဆို နိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ပျူအက္ခရာနဲ့ ရေးထိုးထားတဲ့ ပျူတိုင်းရင်းသား ဘာသာစကားကိုတော့ အသံသာဆက်နိုင်ပြီး၊ အဓိပ္ပါယ်မဖော် နိုင်ခဲ့ပါဘူး။ သဒ္ဒါစည်းမျဉ်းများကိုလည်း မဖော်ထုတ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒါဆို မြစေတီ ကျောက်စာက ပျူစာကို ဘယ်လို ဘာသာပြန်လဲလို့ မေးစရာရှိပါတယ်။ မွန်- မြန်မာ - ပါဠိ တို့နဲ့ နှိုင်းယှဉ်ပြီး၊ ဤ သို့ဖြစ်တန်ရာသည် လို့ ပေါင်းစုခြုံငုံ အနက်ပေးခဲ့တာ ဖြစ်တယ်လို့ အကျယ်တ၀င့် ဆိုပါတယ်။

ယခု (၂၀၀၄-၂၀၀၅) မှ စာတမ်းရှင် ဦးကျော်ဇင်ကိုယ်တိုင် လုံးစေ့ပတ်စေ့ ဘာသာပြန်ရာမှ မြန်မာဘာသာမှာသာရှိတဲ့ စကားအသုံးအနှုန်း အချို့ကို ပျူတိုင်းရင်းသား ကျောက်စာများမှာ တွေ့ရှိခဲ့ရတယ်လို့ စကားလုံး အထာက်အထားများနဲ့ ပြဆိုပါတယ်။ ဒါကြောင့် ပျူစစ်လျှင် မြန်မာ လို့ ပြောနိုင်ပါတယ်တဲ့။

အေဒီ ၈၃၂ မှာ နန်စောတိုက်လို့ ပျူနိုင်ငံ ပျက်ပြီး ပျူလူမျိုးပျောက်ကွယ်ခဲ့ ပြီးသားလို့ စောဒက တတ်နိုင်ကြပါတယ်။ ဒီအယူအဆက ဆရာလုစ် ဆီမှာအရင်းခံတယ်လို့ ဆိုရပါမယ်။ ဒါပေမယ့် အေဒီ ၈၃၂ မှာ နန်စောတိုက်လို့ ပျူနိုင်ငံပျက်တယ်ဆိုတဲ့ အကြောင်းဟာ ရည်ညွှန်းကြတဲ့ မန်ရှုကျမ်းမှာ မပါဝင်ပဲ၊ အေဒီ ၈၆၄ အထိ ပျူနိုင်ငံတော် ထွန်းကားနေကြောင်းသာ ရေးသားထားတယ်လို့ ဦးကျော်ဇင်က ဆိုပါတယ်။

မြန်မာနှင့်ပက်သက်၍ တရုတ်ခေတ်ပြိုင်သမိုင်းများကို ပြန်လေ့လာကြည့်ရာမှာ -

- ဘီစီ ၂ ရာစု - ပျူနိုင်ငံ၊ ဗမာနိုင်ငံ (ဟန့် မှတ်တမ်း ဖော်ပြချက်)

- အေဒီ ၂ ရာစု နှင့် ၃ ရာစုအတွင်း ပုဂံနိုင်ငံရှိခဲ့၊

- အေဒီ ၂၂၆ တွင် ဝေ့နိုင်ငံ တရုတ်စစ်သူကြီး ချူကောလိယန်းက ပုဂံကိုတိုက် ကြောင်းဖော်ပြ (ပျူစောထီးခေတ်၊ မြန်မာရာဇ၀င်မှတ်တမ်းများမှလည်း တရုတ်စစ်အကြောင်းဖော်ပြထား။) (ဝေ့ တရုတ်မှတ်တမ်း)
(၁၉၃၁ မှ ၁၉၅၇ အတွင်း ထုတ်ဝေခဲ့တဲ့ သမိုင်းစာအုပ်တွေမှာ အေဒီ ၂ ရာစု ရှိ ပုဂံနိုင်ငံတော်အကြောင်း မပြောပဲ၊ ၈ ရာစု နှောင်းပိုင်းအထိ သရေခေတ္တရာခေတ် ဖြစ်ကြောင်းပဲ ပြောလေ့ရှိပါတယ်။)

-အေဒီ ၃ ရာစု - ပျူနိုင်ငံ၊ ဗမာနိုင်ငံ (ဝေ့ နှင့် ရှုမှတ်တမ်း ဖော်ပြချက်)

- အေဒီ ၇ မှ ၁၀ ရာစု - ပျူနိုင်ငံ
မြောက်ဘက် - ယူနန်
တောင်ဘက် - ပင်လယ်
အရှေ့ဘက် - ကျဲလား (ကမ္ဗောဒီးယား)
အနောက်ဘက် - အိန္ဒိယနယ်စပ် ။
(ထန် မှတ်တမ်း ၃ စောင် ဖော်ပြချက်)
(အေဒီ ၃ ရာစု မှ ၁၀ ရာစု အထိ ပျူခေတ် ပျူနိုင်ငံဆိုသည်မှာ အခြားမဟုတ်ပဲ၊ ပုဂံခေတ် ပုဂံနိုင်ငံ၊ မြန်မာခေတ် မြန်မာနိုင်ငံ သာဖြစ်ပေသည်။)

- အေဒီ ၁၃ မှ ၁၄ ရာစု - ပျူနိုင်ငံ (ဆုန့် မှတ်တမ်းဖော်ပြချက်)

- အေဒီ ၁၃ မှ ၁၄ ရာစု - ပျူနိုင်ငံ - မြန်မာနိုင်ငံ - ပုဂံနိုင်ငံ (ယွန် မှတ်တမ်းဖော်ပြချက်)

ဗြဟ္မာ မှ ဗြုမ်မာ - ပြုမ်မာ - ပြုမာ - ပြု - ပျူ - ပု ဖြစ်လာနိုင်သလို၊ ဗြဟ္မာ - မြမ္မာ - မြမ်မာ - မြန်မာ လို့လည် ဖြစ်လာနိုင်ပါတယ်။

ပုဂံ၊ ပင်းယ ခေတ်ရှေးဟောင်း မြန်မာကျောက်စာ များက ဗြဟ္မာ၊ မြန်မာ၊ ပျူ၊ ပုဂံ ဟုရေးထိုး ဖော်ပြထားချက်များနှင့် တရုတ် မှတ်တမ်းများ ကိုက်ညီလျက်ရှိသဖြင့် "ပျူစစ်လျှင် မြန်မာ" ဖြစ်ကြောင်း ဦးကျော်ဇင် ( သုတေသီ ဘုန်းတင့်ကျော်) က ၂၀၀၅ ခုနှစ် စက်တင်ဘာလ ထုတ် ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း အမှတ် ၂၁ မှာ ရေးသားထားပါတယ်။

ဆရာကြီး ဒေါက်တာ သန်းထွန်းကလည်း ဦးကျော်ဇင် စာတမ်း တင်သွင်းအပြီး မှာ စာတမ်းရှင်ဟာ ပျောက်ဆုံးနေသော ပျူလူမျိုးကို ရှာဖွေပေးလိုက်ပြီ လို့ မှတ်ချက်ပြု သွားပါတယ်။

ပျူ နဲ့ မြန်မာ ဟာ အတူတူပဲ ဆိုရင် အက္ခရာဘာလို့ ကွဲပြားနေရကြောင်းနှင့် ၊ မူရင်း တရုတ်မှတ်တမ်းများကို ပြန်လည်လေ့လာပြီး ပျူနိုင်ငံတော်အကြောင်းကို သမိုင်းလေ့လာသူ၊ နားလည်သူ များက ဖြည့်စွက်ရှင်းလင်းပြီး သုံးသပ်ပေးကြဖို့ မေတ္တာရပ်ခံ လိုက်ပါတယ်။

အလှတရား said...

အစ်မသက်ဇင်ကိုရော ကွန်မန့်ရှင်များကိုရော လေးစားကျေးဇူးတင်မိကြောင်းပါ။ ဆွေးနွေးခန်းလေးကို ဖတ်ပြီး အတွေးတွေ ပွားမိတယ်။
မိတ်ဆွေများကိုလည်း ဒီဆွေးနွေးခန်းလေးပြပေးပါမယ်။

ချမ်းမြေ့ကြပါစေ။

maymaykhin said...

မသက်ဇင်ရဲ့ပိုစ့်ရောကွန်မန်းရေးသူကိုပါ
ကျေးဇူးတင်ပါတယ်
ဗဟုသုတရပါတယ်

မသက်ဇင် said...

မှတ်ချက်။ ။ ( ပျူလူမျိုးများနှင့်ပတ်သက်၍ သမိုင်းပညာရှင်များအတွင်း မတူကွဲပြား ရှုတ်ထွေးလျက်ရှိသော ပြသနာ တရပ်ကို အကျဉ်းသင့်၍ ဖေါ်ပြလိုပေသည်။ ယင်းမှာ အချို့ သမိုင်းပညာရှင်များက ပျူလူမျိုးတို့သည် တိဗက်အနွယ်ဖြစ်သည်။ သို့မဟုတ် ထိုင်ရှမ်းအနွယ်ဖြစ်သည်။ ပျူလူမျိုးများသည် တရုတ်ပြည် ယူနန်နယ်နှင့် စုချန်နယ်များမှ လာသည်။ သို့မဟုတ် အိန္ဒိယမှလာသည်။ စသည်ဖြင့် ကွဲပြားကြသည်။ ယင်းပြသနာမှာ မနုသဗေဒ ဘာသာ ဝေါဟာရ နှင့်လူမျိုးရေးဆိုင်ရာ ပညာရပ်များနှင့် အများဆုံး သက်ဆိုင်လိမ့်မည် ဖြစ်လျက် သမိုင်းရေးရာ ပြသနာ အနေနှင့်ကား ယေဘူယျ အနေမျှ လောက်သာ အကြုံးဝင် လိမ့်မည်ထင်ပါသည်။ မြန်မာနိုင်ငံသမိုင်းကို လေ့လာရာတွင် စဉ်းစားရုံမျှသာ ထည့်သွင်းဖေါ်ပြ လိုက်ခြင်းဖြစ်ပါသည်။ )

မေမေခင် said...

ရှေးရာဇဝင်ဟောင်းတွေက အချို့ ပုံပြင်ဆန်ဆန် ပါးစပ်ပြော
တွေများတာတွေ့ရပါတယ်။
လက်ဆုပ်လက်ကိုင် ရရှိထားတဲ့ သမိုင်းဝင် ပစ္စည်းကတော့ ပုဂံခေတ် လောက်မှာပဲ တွေ့ရတယ်။

Nan said...

မှတ်ချက်။ ။ ( ပျူလူမျိုးများနှင့်ပတ်သက်၍ သမိုင်းပညာရှင်များအတွင်း မတူကွဲပြား ရှုတ်ထွေးလျက်ရှိသော ပြသနာ တရပ်ကို အကျဉ်းသင့်၍ ဖေါ်ပြလိုပေသည်။ ယင်းမှာ အချို့ သမိုင်းပညာရှင်များက ပျူလူမျိုးတို့သည် တိဗက်အနွယ်ဖြစ်သည်။ သို့မဟုတ် ထိုင်ရှမ်းအနွယ်ဖြစ်သည်။ ပျူလူမျိုးများသည် တရုတ်ပြည် ယူနန်နယ်နှင့် စုချန်နယ်များမှ လာသည်။ သို့မဟုတ် အိန္ဒိယမှလာသည်။ စသည်ဖြင့် ကွဲပြားကြသည်။ ယင်းပြသနာမှာ မနုသဗေဒ ဘာသာ ဝေါဟာရ နှင့်လူမျိုးရေးဆိုင်ရာ ပညာရပ်များနှင့် အများဆုံး သက်ဆိုင်လိမ့်မည် ဖြစ်လျက် သမိုင်းရေးရာ ပြသနာ အနေနှင့်ကား ယေဘူယျ အနေမျှ လောက်သာ အကြုံးဝင် လိမ့်မည်ထင်ပါသည်။ မြန်မာနိုင်ငံသမိုင်းကို လေ့လာရာတွင် စဉ်းစားရုံမျှသာ ထည့်သွင်းဖေါ်ပြ လိုက်ခြင်းဖြစ်ပါသည်။ )

အဲဒီမှတ်ချက် ဖတ် ရတော့ ပိုရှင်းသွားပါတယ်